စာချုပ်စာတမ်းများချုပ်ဆိုရာတွင် တရားဝင်ပဋိညာဉ်တစ်ခုဖြစ်မြောက်အောင်ချုပ်ဆိုရန်မှာ အလွန်အရေးကြီးလှပါသည်။ တရားဝင်ပဋိညာဉ်တစ်ခုဖြစ်မြောက်ရန်လိုအပ်ချက်များ နှင့်ပတ်သက်၍ ပဋိညာဉ်အက်ဥပဒေ၊ ပုဒ်မ ၁၀ အရလိုအပ်ချက်များမှာ
(၁) ပထမဦးစွာ သဘောတူညီချက်ရှိရမည်၊
(၂) ယင်းသဘောတူညီချက်တို့သည် ပဋိညာဉ်ပြုရန် အရည်အချင်းရှိသူတို့က ပြုလုပ်ခြင်းဖြစ်ရမည်၊
(၃) သဘောတူညီချက်သည် တရားဥပဒေနှင့်ညီညွတ်သော ရည်ရွယ်ချက်နှင့် တရားဥပဒေနှင့်ညီညွတ် သော အဘိုးစားနားအလို့ငှာ ပြုလုပ်ခြင်းဖြစ်ရမည်၊
(၄) လွတ်လပ်သောသဘောဆန္ဒဖြင့်ပြုလုပ်သည့် သဘောတူညီချက်ဖြစ်ရမည်၊
(၅) ပဋိညာဉ်အက်ဥပဒေက ပျက်ပြယ်သောသဘောတူညီချက်ဖြစ်ကြောင်း အတိအလင်းကြေညာထားသော သဘောတူညီချက်မျိုးမဖြစ်စေရ၊
(၆) ဥပဒေတစ်စုံတစ်ရာက စာဖြင့်ရေးသားရမည် (သို့မဟုတ်) သက်သေပါရှိရမည် (သို့မဟုတ်) မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားလျှင် ယင်းပြဋ္ဌာန်းချက်အတိုင်းဆောင်ရွက်ရမည် ကိုတွေ့ရှိရပါသည်။
ယင်းအချက်များနှင့်ပတ်သက်၍ ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်းရှိသူ (Capacity of Contract) ဆိုရာ၌ ထိုဥပဒေ၏ ပုဒ်မ ၁၁ တွင်ပြဋ္ဌာန်းချက်များအရ – ပဋိညာဉ်ပြုမည့်သူသည်
(၁) မိမိနှင့်သက်ဆိုင်သောဥပဒေအရ အရွယ်ရောက်ပြီးသူဖြစ်ရခြင်း၊
(၂) စိတ်ပေါ့သွပ်ခြင်းမရှိသူ ဖြစ်ရခြင်း၊
(၃) သက်ဆိုင်သောဥပဒေအရ ပဋိညာဉ်ပြုပိုင်ခွင့် ရုပ်သိမ်းခံရသူ (သို့မဟုတ်) တားမြစ်ခံရသူ မဖြစ်ရန် ဟူသည့် ဤအချက် (၃) ချက်နှင့်ညီညွတ်မှသာ တရားဝင်ပဋိညာဉ်ကို ပြုလုပ်ရန် အရည်အချင်းပြည့်စုံကြောင်း လေ့လာရပါသည်။
ဥပဒေအရအရွယ်ရောက်ပြီးသူနှင့်ပတ်သက်၍ အရွယ်ရောက်ခြင်းအက်ဥပဒေ၏ ပုဒ်မ ၃ တွင်" အသက်ဆယ့်ရှစ်နှစ် မပြည့်သေးသော အရွယ်မရောက်သူ အသီးသီး၏ ကိုယ်အတွက်ဖြစ်စေ၊ ပစ္စည်းအတွက် ဖြစ်စေ၊ ကိုယ်နှင့်ပစ္စည်း နှစ်မျိုးလုံးအတွက်ဖြစ်စေ တရားမကျင့်ထုံး ဥပဒေအရ တရားစွဲဆိုမှု တစ်ခုအတွက် အုပ်ထိန်းသူမှတစ်ပါး တရားရုံးတစ်ရုံးရုံးက အုပ်ထိန်းသူ တစ်ဦးဦးခန့်အပ်ထားပြီးဖြစ်သော သို့မဟုတ် ခန့်ထားရမည်ဖြစ်သော သို့မဟုတ် အုပ်ထိန်းသူ မြွက်ဟကြေညာထားပြီးဖြစ်သော အရွယ်မရောက်သူ အသီးသီးကို အမွေ ဆက်ခံခြင်းအက်ဥပဒေ သို့မဟုတ် အခြားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ထိုအရွယ်မရောက်သူ အသက်နှစ်ဆယ့်တစ်နှစ်ပြည့်ပြီးမှသာလျှင် အရွယ်ရောက်သူဟု မှတ်ယူရမည်။ ထိုသို့ မဟုတ်လျှင် မှတ်ယူခြင်းမပြုရ။ အထက်ဖော်ပြပါအချက်များကို အထောက်အထားပြု၍ ပြည်ထောင်စုမြန်မာနိုင်ငံတွင် တရားဝင်အတည်တကျ နေထိုင်သူ အသီးသီးကို အသက် ဆယ့်ရှစ်နှစ်ပြည့်မှသာ အရွယ်ရောက်သူအဖြစ် မှတ်ယူရမည်။ ထိုသို့ မဟုတ်လျှင် မှတ်ယူခြင်း မပြုရ။" ဟုပြဋ္ဌာန်းထားသဖြင့် မြန်မာနိုင်ငံတွင် တရားဝင်အတည်တကျနေထိုင်သူသည် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ အရ အုပ်ထိန်းသူခန့်ထားခြင်းမရှိလျှင် အသက် (၁၈) နှစ်ပြည့်ပါက ဥပဒေအရ အရွယ်ရောက်ပြီးသူအဖြစ် မှတ်ယူရပါသည်။
ထို့ကြောင့် ပဋိညာဉ်ပြုရန်အသက်အရွယ်သည် အုပ်ထိန်းသူခန့်ထားခြင်းမရှိလျှင် အသက် (၁၈) နှစ်ပြည့်ပြီး၊ အုပ်ထိန်းသူခန့်အပ်ထားလျှင် အသက် (၂၁) နှစ်ပြည့်ပြီးပါက ပဋိညာဉ်ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် အသက်အာမခံပဋိညာဉ် ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ ပုဒ်မ ၃၂ ၌ "တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်း သူ၏ စာဖြင့် သဘောတူညီချက်အရ အသက် ၁၀ နှစ် နှင့် အသက် ၁၈ နှစ်ကြားရှိသူသည် ဤဥပဒေအရ အသက်အာမခံပဋိညာဉ်ပြုလုပ်နိုင်ခွင့်ရှိစေရမည်။" ဟု ပြဋ္ဌာန်းထားသောကြောင့် အသက် ၁၀ နှစ် ၁၈ နှစ်ကြားရှိသူသည် အသက်အာမခံပဋိညာဉ် ကိုပြုလုပ်နိုင်ကြောင်း တွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုသော် တည်ဆဲဥပဒေများအရ တရားဝင်ပဋိညာဉ်တစ်ခုဖြစ်မြောက်ရန်လိုအပ်ချက်များမှ ပဋိညာဉ်ပြုရန် အရည်အချင်းရှိသူ၏ သက်ဆိုင်ရာဥပဒေအရ အရွယ်ရောက်သူသည်
- အုပ်ထိန်းသူခန့်အပ်ခြင်းမရှိပါက အသက် (၁၈) နှစ်ပြည့်ပြီး၊
- အုပ်ထိန်းသူခန့်အပ်ထားပါက အသက် (၂၁) နှစ်ပြည့်ပြီးနှင့်
-
ထူးခြားသတ်မှတ်ချက်အနေဖြင့်
အသက်အာမခံပဋိညာဉ်အတွက်ဆိုလျှင်
အသက် (၁၀)
နှစ်နှင့်
(၁၈)
နှစ်အတွင်းရှိသူ
(
မိဘ
သို့မဟုတ် တရားဝင် အုပ်ထိန်း
သူ၏ စာဖြင့် သဘောတူညီချက်အရ)
ဖြစ်ပါကြောင်း ပဋိညာဉ်ပြုနိုင်သည့်အသက်အရွယ်များကို ထုတ်နုတ်တင်ပြအပ်ပါသည်။
ရည်ညွှန်းချက်
- ပဋိညာဉ်အက်ဥပဒေ
- အရွယ်ရောက်ခြင်းအက်ဥပဒေ
- အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေ
- အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ
- စီးပွားရေးလုပ်ငန်းသုံး ပဋိညာဉ်အက်ဥပဒေ
- ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း) သင်တန်း၊ ပဋိညာဉ်အက်ဥပဒေ - သင်တန်းမှတ်စု