တိုးတက်ပြောင်းလဲလာသောခေတ်စနစ်၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအခွင့်အလမ်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ အပိုဝင်ငွေရှာဖွေရေးလိုအပ်ချက်များနှင့် အနာဂတ်အစီအမံများ ကြောင့် လူအများသည် မိမိ၏အလုပ်အကိုင်များကို တစ်ခုထက်မက မျိုးစုံစွာ ချဲ့ထွင်လုပ်ကိုင်လာကြ သည့်အပြင် စီးပွားရေးလုပ်ငန်းများ၌ ဝင်ရောက်လုပ်ဆောင်မှုများကိုလည်း ပိုမိုတွေ့မြင်လာရသည်။ ထို့အပြင် လုပ်ငန်းတစ်ခု၏ အချိန်ပြည့်ဝန်ထမ်းသည် အခြားနေရာ သို့မဟုတ် လုပ်ငန်း၌ (အချိန်ပိုင်း၊ အလွတ်တမ်းအလုပ်အကိုင်၊ အွန်လိုင်းအလုပ်အကိုင် စသဖြင့်) တစ်ခုခုကို လုပ်ကိုင်ခြင်း သို့မဟုတ် ပြင်ပစီးပွားရေးလုပ်ကိုင်ခြင်း၊ အစုရှယ်ယာများထည့်ဝင်၍ လုပ်ဆောင်ခြင်း အခြေအနေများသည် လက်ရှိ အလုပ်အကိုင်နယ်ပယ်အတွင်း ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ တွေ့မြင်ရလျက်ရှိပါသည်။ အဆိုပါအခြေအနေများသည် အဖွဲ့အစည်းအတွက် အကျိုးစီးပွားပဋိပက္ခဆိုင်ရာ ကိစ္စရပ်များနှင့် ဆုံးရှုံးနိုင်ချေရှိမှုများပေါ်ပေါက်လာ နိုင်ပါသည်။ ဤဆောင်းပါးတွင် ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးစီးပွား ပဋိပက္ခဆိုင်ရာ ကိစ္စများအတွက် ရှုမြင်ချက်များကို ဖော်ထုတ် တင်ပြထား ပါသည်။
နိုင်ငံ့ဝန်ထမ်းများနှင့် ပြင်ပစီးပွားရေးလုပ်ကိုင်မှု
ကနဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းအခန်းကဏ္ဍတွင် ပြင်ပစီးပွားရေးလုပ်ကိုင်မှုအပေါ် တားမြစ်ပြဋ္ဌာန်း ချက်များအနေဖြင့် ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဝန်ထမ်းကျင့်ဝတ်အပိုဒ် ၈၊ ပုဂ္ဂလိကစီးပွားရေးဆိုင်ရာ စည်းကမ်းများ၌ ဖော်ပြထားသည်မှာ
"ဝန်ထမ်းသည် အောက်ပါ ပုဂ္ဂလိက စီးပွားရေးဆိုင်ရာစည်းကမ်းများကို လိုက်နာရမည် -
(က) ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မည်သည့်စီးပွားရေးလုပ်ငန်းတွင်မျှ ပါဝင်ဆောင်ရွက်ခြင်းမပြုရ။
(ခ) ဝန်ထမ်း၏ ဇနီး သို့မဟုတ် ဝန်ထမ်းအား မှီခိုသူတစ်ဦးဦး ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်း သို့မဟုတ် အခြားမည်သည့် လုပ်ငန်းကိုမဆို နိုင်ငံတော်က မလိုလားဟု ယူဆ၍ တားမြစ်ပိတ်ပင်ပေးရန် ညွှန်ကြားပါက လိုက်နာရမည်။
(ဂ) နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက် ကြိုတင်မရရှိဘဲ အခြားစီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ တွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ။" ဟု ပြင်ပစီးပွားရေးလုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ ဤသို့ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၇ တွင် "ဝန်ထမ်းသည် ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရမည့်အပြင် ဝန်ထမ်း အဖွဲ့အစည်း၏ လုပ်ငန်း သဘာဝနှင့် ဝန်ထမ်း အမျိုးအစားအလိုက် သီးခြား သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင် စည်းကမ်း များကိုလည်း စောင့်ထိန်း လိုက်နာရမည်။" ဟူ၍ လည်းကောင်း
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ပုဒ်မ ၂၉၀ တွင် "ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားပြီး ဖြစ်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လက်စွဲစာစောင်များ၊ ကောက်နုတ်ချက်များ၊ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များသည် ဤနည်းဥပဒေများနှင့် မဆန့်ကျင့်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။" ဟုလည်းကောင်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အပြင်
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၊ အခန်း (၆)၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်း နှင့် ယုံကြည်ထိုက်ခြင်း ကဏ္ဍ၏ "အပိုဒ် ၁၁။ (စ) (ဍ) (ဎ) တို့တွင်
(စ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များရောထွေးမှု
မရှိစေရေး စောင့်ထိန်းရမည်။
(ဍ) ဌာနအဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြု ခြင်းမှ ရှောင်ကြဉ်ရမည်။
(ဎ) မိမိ၏အခွင့်အာဏာနှင့်ဆက်နွယ်၍ မည်သည့်စီးပွားရေး လုပ်ငန်းများတွင်မျှ ကိုယ်ကျိုး စီးပွားပါဝင်ပတ်သက်ခြင်း မပြုရ။" ဟု ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ ပြင်ပစီးပွားရေးလုပ်ကိုင်မှုများနှင့်ပတ်သက်၍ ၎င်းတို့လုပ်ငန်းတာဝန် နှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်မှုရှိသည့် သို့မဟုတ် အကျိုးစီးပွားဆက်နွယ်မှုရှိသည့် ကိုယ်ပိုင်ကုမ္ပဏီလုပ်ငန်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ သို့မဟုတ် မိမိတို့၏ဇနီးသားသမီးများ အမည်ခံ၍ အခြားပြင်ပစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားချက် များ ထုတ်ပြန်၍ တားမြစ်ထားသည်ကို သိရှိရပါသည်။
ပုဂ္ဂလိကဝန်ထမ်းများနှင့် ပြင်ပတွင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ
သို့ရာတွင် ပုဂ္ဂလိကလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများအတွက် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများအရ ဝန်ထမ်းတစ်ဦးသည် အချိန်ပြည့်အလုပ် လုပ်ကိုင်နေစဉ်အတွင်း အခြား နေရာများတွင် အချိန်ပိုင်း သို့မဟုတ် အခြားပြင်ပဝင်ငွေရရှိသည့် အလုပ်အကိုင် သို့မဟုတ် ပြင်ပစီးပွားရေး လုပ်ကိုင်မှုများအား တားမြစ်ထားခြင်းကို မတွေ့ရှိပါ။ အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ချုပ်ဆိုရသော အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် နောက်ဆက်တွဲ ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်း ချက်များတွင် ဖော်ပြထားရှိသည့်
- သက်ဆိုင်ရာ တာဝန်ရှိသူများက အဆင့်လိုက်သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်၊
- အလုပ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် စည်းကမ်းချက်နှင့် သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးနှင့်အရည်အတွက်စံနှုန်း (Target) ကိုပြည့်မီအောင် ထုတ်လုပ်နိုင် စွမ်းရှိရမည်နှင့်
- xxxxx နေ့စဉ်သတ်မှတ်ပေးထားသည့်စံနှုန်း (Target) ကို သတ်မှတ်ထားသော ကာလအတွင်း ပြည့်မီ အောင် ဆောင်ရွက်ရမည် ဆိုသော စည်းကမ်းချက်များကိုသာ တွေ့ရှိရပါသည်။
ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်မူ ဘဏ်တစ်ခု၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် မန်နေဂျာတာဝန်ယူ လုပ်ဆောင်ခြင်းများနှင့်ပတ်သက်၍ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၌ ပြဋ္ဌာန်းချက်များအရ ထိုရာထူးများတွင် တာဝန်ထမ်းဆောင်ရန် တာဝန်နှင့် သင့်မြတ်လျော်ကန်မှု ရှိ မရှိကို ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ စံသတ်မှတ်ချက်များနှင့်အညီ ဆုံးဖြတ်လုပ်ဆောင်ရမည့် အပြင် အဆိုပါဥပဒေ၏ ပုဒ်မ (၇၆) (ဂ) ၌ အခြားအဖွဲ့အစည်းများ၌အလုပ်လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ "-------------- အခြားဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် တစ်ချိန်တည်း တာဝန်ထမ်းဆောင်ခြင်း မပြုရ။" ဟု တားမြစ်ထားပါသည်။
ကျင့်ဝတ်နီတိများနှင့် စပ်လျဉ်း၍ အချို့သောအလုပ်အကိုင်များ (ဥပမာ - ဆေးဘက်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ ရှေ့နေ စသဖြင့်) တွင် သက်ဆိုင်ရာ ဥပဒေများအရ ကြီးကြပ်သည့်အာဏာပိုင်များမှ ထုတ်ပြန်ထားသည့် ကျင့်ဝတ်နီတိ (Ethical Codes) များနှင့်အညီ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားမှုများရှိပါသည်။
အကျိုးစီးပွားပဋိပက္ခဆိုင်ရာအခြေအနေ ပေါ်ပေါက်မှုများနှင့် ကာကွယ်ခြင်း
ဝန်ထမ်းတစ်ဦးသည် အခြားပြင်ပဝင်ငွေရရှိသည့် အလုပ်အကိုင် သို့မဟုတ် ပြင်ပစီးပွားရေးလုပ်ကိုင် ရာတွင် ၎င်းဝန်ထမ်းနှင့် လုပ်ငန်းတို့အကြား အောက်ဖော်ပြပါအခြေအနေများတွင် အကျိုးစီးပွားပဋိပက္ခများ ပေါ်ပေါက်လာနိုင်ပါသည်။
(က) လက်ရှိအလုပ်တာဝန်ထမ်းဆောင်နေသော ကုမ္ပဏီပြိုင်ဘက်အဖွဲ့အစည်းထံ၌ လုပ်ငန်း ဆောင်ရွက်ခြင်း၊
(ခ) အလုပ်ချိန်အတွင်း ၎င်း၏ပြင်ပလုပ်ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်ပါက လုပ်အား ဆုံးရှုံးခြင်း၊
(ဂ) အဖွဲ့အစည်းပိုင် ပစ္စည်းကိရိယာများ၊ ပိုင်ဆိုင်မှုများ၊ သတင်းအချက်အလက်များကို ၎င်း၏ပြင်ပလုပ်ငန်းဆောင်ရွက်မှုများတွင် အသုံးချခြင်း၊
(ဃ) ပြင်ပလုပ်ငန်းဆောင်ရွက်မှုများ၊ စီးပွားရေးဆောင်ရွက်မှုများသည် ဝန်ထမ်း၏ ပင်မလုပ်ငန်း တာဝန်များ၌ အချိန်ပေးနိုင်မှု၊ အာရုံစူးစိုက်နိုင်မှုများနှင့် တက်ကြွစွာလုပ်ကိုင်မှုများ လျော့ကျ နိုင်ခြင်းကြောင့် အဆိုပါဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်ထိခိုက်မှုများမှတစ်ဆင့် အဖွဲ့ အစည်း၏ ထုတ်လုပ်နိုင်မှု၊ လုပ်ငန်းစွမ်းရည်များတွင် ထိခိုက်နိုင်ခြင်း၊
(င) ပြင်ပလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေစဉ် မိမိ၏အလုပ်တွင်သိရှိထား သည့် မဟာဗျူဟာများ၊ လျှို့ဝှက်ချက်များ၊ ဖောက်သည်စာရင်းများ၊ သတင်းအချက်အလက် များကို အသုံးပြုခြင်း၊
(စ) ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စရပ်များတွင် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်း ချက် ပုဒ်မ ၁၇၊ ၁၉ ပါ တားမြစ်ချက်များကို ချိုးဖောက်မိခြင်း၊
(ဆ) အဖွဲ့အစည်းမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများတွင် ၎င်း၏ အကျိုးစီးပွား များ ပါဝင်ပတ်သက်မှုရှိနေခြင်း၊
(ဇ) ဖောက်သည်များ/ ပံ့ပိုးသူများအပါအဝင် အကျိုးစီးပွားသက်ဆိုင်သူများနှင့် မတော်တဆ ဆက်ဆံရေးဆိုင်ရာ ရှုပ်ထွေးမှုများ ဖြစ်နိုင်ခြင်း၊
(ဈ) ဝန်ထမ်းသည် ၎င်း၏ပြင်ပအလုပ်အကိုင်အား အဖွဲ့အစည်းမှသိရှိအောင် ကြိုတင်အသိပေး ခြင်းမရှိလျှင် ပဋိပက္ခများဖြစ်ပေါ်လာပါက ယုံကြည်မှုကိုထိခိုက်စေနိုင်၍ ပူးပေါင်း ဆောင်ရွက်မှုများတွင် အခက်အခဲများ ရှိနိုင်ခြင်း၊
(ဈ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုက်နာမှုအစီအမံများနှင့်ပတ်သက်၍ စံချိန် စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်မှုဖြစ်ပေါ်ခြင်း စသည့် လုပ်ငန်းခွင်ရေးရာသတ်မှတ်ချက်များနှင့် အကျိုးစီးပွားဆိုင်ရာပဋိပက္ခဖြစ်မှုအခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ဆောင်မှုများနှင့် လုပ်ငန်းများသည် ခေတ်စနစ်အခြေအနေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြောင်းလဲတိုးတက်မှုများအရ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်များ၊ ပြည်တွင်းသက်ဆိုင်ရာ ဥပဒေများအပြင် ISO 37301 (Compliance Management System) နှင့် OECD Guidelines များကို လိုက်နာဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာစီမံခန့်ခွဲသူများအနေဖြင့် အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ချေရှိသည့် ကဏ္ဍများကို အကဲဖြတ်၍ လိုအပ်သည့် စီမံကွပ်ကဲမှုများကို ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
အကျိုးစီးပွားပဋိပက္ခများကို ဖြေရှင်းမှုဆိုင်ရာ အစီအမံများအနေဖြင့်
- ပြင်ပဝင်ငွေရရှိသည့် အလုပ်အကိုင် သို့မဟုတ် ပြင်ပစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ပတ်သက်သည့် ဖော်ပြချက်များ၊ စည်းမျဉ်းစည်းကမ်းများကို ကျင့်ဝတ်နီတိများ၊ ဝန်ထမ်းလက်စွဲ တို့တွင် ဖော်ပြခြင်း၊
- ဒါရိုက်တာများနှင့် အဆင့်မြင့်စီမံခန့်ခွဲမှုသူများအတွက် အကျိုးစီးပွားပဋိပက္ခဖြစ်မှုဆိုင်ရာ မူဝါဒများ ရေးဆွဲထုတ်ပြန်ခြင်း၊
- သက်ဆိုင်ရာ ရာထူးအလိုက် ဝန်ထမ်းများမှ မိမိလုပ်ကိုင်လျက်ရှိသည့် ပြင်ပလုပ်ငန်း/ အလုပ်အကိုင် ကို ကြိုတင်ကြေညာလွှာ ရေးသားထုတ်ဖော်ခြင်း၊
- လျှို့ဝှက်သောအချက်အလက်များကို ထိန်းသိမ်းခြင်းနှင့် ဖွင့်ဟထုတ်ဖော်ခြင်းမပြုရသော သဘော တူညီချက်များပြုလုပ်လက်မှတ်ရေးထိုးစေခြင်း၊
- မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများချိုးဖော်မှုအပေါ်အရေးယူဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများကို ချမှတ်၍ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ခြင်း၊
- ကောင်းမွန်သည့် ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်များအရ ဆောင်ရွက်သည့် အဆိုပါလုပ်ဆောင်ချက် များကို ဝန်ထမ်းများသိရှိအောင်ပြုလုပ်ခြင်း၊
- ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလုပ်ခွင်ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်မှုများကို လျှော့ချနိုင်ပါသည်။
နိဂုံးချုပ်အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဝန်ထမ်းများအတွက် ပြင်ပအလုပ် အကိုင် လုပ်ကိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းတို့သည် လက်ရှိအလုပ်ရှင်နှင့် ဝန်ထမ်းတို့ အကြား ယုံကြည်မှုအခြေခံသည့် ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် အကျိုးစီးပွားပဋိပက္ခများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့အလုပ်အကိုင်များကို ဆောင်ရွက်သည့်အခါ ပွင့်လင်းမြင်သာစွာ ထုတ်ဖော် ကြေညာခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အစီအမံများကို ကောင်းစွာ လိုက်နာဆောင်ရွက်ခြင်းများသည် အရေးကြီးပါသည်။ သို့ဖြစ်ပါ၍ ဝန်ထမ်းတစ်ဦးချင်း၏ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လုပ်ဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့် စည်းကမ်းများကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင်များမှလည်း အကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်မှုများကို ရှောင်ရှားရန် လိုအပ်သည့် အစီအမံများဆောင်ရွက်ခြင်းတို့သည် ဘုံအကျိုးစီးပွားများကို ဖော်ဆောင်နိုင်မည်ဟုယုံကြည်လျက် ဤ ဆောင်းပါးဖြင့်လေ့လာတင်ပြအပ်ပါသည်။
Side Job| Side Business| Conflict of Interest| Legal Compliance
ရည်ညွှန်းချက်
၂၀၀၄ ခုနှစ်၊ ဝန်ထမ်းကျင့်ဝတ်
နိုင်ငံ့ဝန်ထမ်းဥပဒေ
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
၂၀၂၁ ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ
ပဋိညာဉ်အက်ဥပဒေ
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
ယှဉ်ပြိုင်မှုဥပဒေ